=================================
(အပြည့်အစုံ ပြန်လည် ဖော်ပြပေးလိုက်ပါသည်)
ပျူမြန်မာရှေးဟောင်းမြို့တော် ဝတီး၊ ချင်းပုတီး ထုတ်လုပ်ရာ ဘုရားကြီးရွာနှင့် ကမ္ဘာ့ရှားပါး ကြယ်လိပ်များ မွေးမြူထိန်းသိမ်းထားသည့် နွားထိုးကြီး မင်းစုံတောင်ဘေးမဲ့တော ခရီးစဉ်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ မန္တလေး-နွားထိုးကြီးလမ်းပိုင်းတွင် တည်ရှိသည်။
၁။ ဝတီး ရှေးမြန်မာပျူမြို့ဟောင်း
----------------------------
မန္တလေးမှ ၈၈ ကီလိုမီတာခန့်တွင် ဝတီးရှေးမြို့ဟောင်းသို့ လမ်းညွှန်ဆိုင်းဘုတ်ရှိသည်။ တောင်ဘက် သုံးကီလိုမီတာခန့်တွင် ဝတီးမြို့ဟောင်းသည် အရှေ့လောင်ဂျီတွဒ် ၅၉ဒီဂရီ ၄၂မိနစ်နှင့် မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၂၂.၅မိနစ်၌ တည်ရှိသည်။
မပြတ်နောက်ဆက် အက္ခရာတင်စာတမ်း၊ ဘုရားကြီးမြို့သည် ပထမဝတီးမြို့ ခေါ်ပါသည် ဟု ဘုရားကြီးကျေးရွာရှိ ကျောက်စာ၏ စာကြောင်းရေ ခြောက်၌ပါရှိသည်။ ၁၉၆၇ခုနှစ်တွင် ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သော်သည် သစ်တောမင်းကြီး ဦးအောင်မြင်၏ ကောင်းကင်ဓာတ်ပုံ အကူအညီဖြင့် ဤမြို့ဟောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျောက်စာအရ ဝတီးမြို့ဟု အမည်တွင်သည်။
တူးဖော်တွေ့ရှိမှုအရ ကြေးခေတ်နှောင်း(သို့) သံခေတ်ဦးခေါ် ပျူမြန်မာ ခေတ်ဦးက တည်ဆောက်ခဲ့သော မြို့ဖြစ်ဟန်တူသည်။ ဘီစီ၅ရာစုခန့်ထိ ရှေးကျနိုင်ဖွယ်ရှိသည်။ တရုတ်တို့က ဝတီးမြို့ကို မီနော့ တောက်လိ (Jin No Tao Ti;Mjie Nak Dau Lip) ဟု ခေါ်ဆိုသည်။ မီနော့သည် ချင်းတွင်းမြစ်ကို မြစ်နက်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ တောက်လိသည် ဝတီးဟု ခေါ်ဆိုဟန်ရှိသည်။ မြစ်နက်ဝတီးဟု အမည်တွင်သည်။ ဝတီးမြို၏တည်နေရာကို မှတ်သားရာ၌ အထောက်အကူရသော မန်ရှူးကျမ်းတွင် ဧရာဝတီမြစ်သည် မီနော့တောက်လိသစ်တပ်မြို့ကို ကျော်ဖြတ်သည်။ ထို့နောက် အနောက်ဖက်မှ စီးဆင်းလာသော မိနော့ခေါ် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်ဟု ဖော်ပြသည်။ ထိုအပြင် တရုတ်ထန်မင်းဆက် သမိုင်းသစ်၌ မီနော့တောက်လိ (ခေါ်) ဝတီးအား ပျူတပ်မြို့ ကိုးမြို့စာရင်းတွင် ထည့်သွင်းထားသည်။
ဝတီးမြို့ဟောင်း၏ ပုံသဏ္ဍာန်မှာ အရှေ့မြောက်ဖက်သို့ ချွန်ထွက်နေသော ဘဲဥပုံဖြစ်သည်။ အရှည်ဆုံးအချင်းမှာ ၁၆၀၀မီတာနှင့် အတိုဆုံးအချင်းမှာ ၁၂၀၀မီတာခန်ရှိသည်။ မြို့၏ ဧရိယာမှာ ၁၃၀ဟက်တာခန့်ရှိသည်။ တွေ့ရှိပြီးသော အဝိုင်းပုံဆန်သည့် မြို့ဟောင်းများအနက် ဝတီးသည် ပြည်၊ သရေခေတ္တရာ၊ မိုင်းမောပင်လယ်နှင့် ရခိုင်ဝေသာလီမြို့ဟောင်းများထက် ပိုကြီးသည်။
(က) အနောက်ဘက်မြို့ရိုး
----------------------
ဝတီးမြို့ဟောင်း၏ အနောက်ဘက်မြို့ရိုးနှင့် ဖက်တောကန်၏ အရှေ့မြောက်ဘောင် ဆုံမိသည်။ လမ်းနံဘေးတွင် အလျား ၂၈မီတာ၊ အနံ ၃.၇မီတာနှင့် အမြင့် ၁.၅မီတာရှိသော အနောက်ဘက်မြို့ရိုး၏ တစိတ်တဒေသကို မြင်တွေ့နိုင်သည်။ အပေါ်ယံမြေလွှာမှ ၁.၂မီတာအနက်တွင် အလျား၃၀.၅စင်တီမီတာ အနံ ၁၇.၈စင်တီမီတာနှင့် ဒု ၁၀.၂စင်တီမီတာရှိသော သဲကျောက်တုံးများဖြင့် စီထားသည်။ သဲကျောက်တုံးများ၏အောက်ဘက် Datum Line Level မှ မြေအနက် ၁.၅မီတာတွင် အမြင့်၂၀စင်တီမီတာကျော် အုတ်စီထားသည်။ အောက်တွင် ဒု ၁၅စင်တီမီတာကျော် ထုထောင်းထားသော မြေကျစ်လွှာခင်းထားသည်။
ထိုမြို့ရိုးပေါ်ရှိ လူသွားလမ်းအတိုင်း လမ်းလျှောက်လျှင် ဖက်တောကန်ဘောင်ပေါ်သို့ရောက်သည်။
(ခ) ကုန်းအမှတ် WD2
-------------------
အနောက်မြို့ရိုး၏ အရှေ့ဘက် ၆၀မီတာခန့်တွင် ကုန်းအမှတ် WD2 တည်ရှိသည်။ ကိုးကွယ်ဝတ်ပြုရာ အဆောက်အအုံဟု ခန့်မှန်းသည်။ အဆောက်အအုံ၏ အတိုင်းအတာမှာ မြောက်ဘက်အုတ်ရိုး ၁၉.၅မီတာ အရှေ့ဘက်အုတ်ရိုး ၁၈.၆မီတာနှင့် အနောက်ဘက်အုတ်ရိုး ၂၂.၅မီတာ ဖြစ်သည်။ အရှေ့ဘက်ခြမ်းတွင် ခန်းမတစ်ခုရှိသည်။ အလယ်တွင် အခန်းသုံးခန်းရှိသည့်အနက် တောင်ဘက်အခန်းအတွင်းမှ အချင်း၄၀.၆စင်တီမီတာနှင့် အမြင့် ၃၈စင်တီမီတာ မြေအရိုးအိုးကြီးတစ်လုံးကို အဖုံးနှင့်အတူ တွေ့ရှိခဲ့သည်။ ထိုအရိုးအိုးကို သီးသန့်ခန်းတွင် ထားရှိသဖြင့် ထိုအချိန်က အကြီးအကဲ ပုဂ္ဂိုလ်တစ်ဦး၏ အရိုးပြာအိုးဖြစ်မည်ဟု ခန့်မှန်းရသည်။ အခန်းသုံးခန်း၏ အနောက်ဘက်၌ တောင်မြောက်ရှည်လျားသော စင်္ကြန်အုတ်ခုံရှိသည်။ အုတ်ခုံနှင့်ကပ်လျက် ထပ်မံတိုးချဲ့ထားသော အခန်းငယ်ထဲမှ အရွယ်စုံ မြေဆီမီးခွက်များကို စုစုပေါင်း ၂၀၀ကျော်ခန့် တွေ့ရှိခဲ့သည်။ အရိုးအိုးနှင့် မြေဆီမီးခွက်များကို တွေ့ရှိခြင်းကြောင့် ကွယ်လွန်လေပြီးသော ဘိုး ဘေး ဘီ ဘင်များကို ပူဇော်ကန်တော့သည့်ဓလေ့ Ancestor Worship ရှိကောင်းရှိမည်။ မည်သည့် ဆင်းတု ရုပ်တုမျှ မတွေ့ရှိရသေးသဖြင့် မည်သည့် ယုံကြည်မှုရှိသည်ကို ပြောဆိုရန် ခက်ခဲသည်။
ယေဘုယျအားဖြင့် ဝတီးမြို့ဟောင်းရှိ အုတ်ချပ်များ၏ ဒု၊ ဗြက်သည် ဗိဿနိုးနှင့် မိုင်းမောရှိ အုတ်ချပ်များ၏ ဒု၊ ဗြက်နှင့် တူညီသည်။ ဒု ၇.၆စင်တီမီတာနှင့် ဗြက် ၂၅.၄စင်တီမီတာရှိသည်။ အလျှားမှာ ၄၄.၅စင်တီမီတာ၊ ၄၃.၂စင်တီမီတာနှင့် ၄၀.၆စင်တီမီတာ စသည်ဖြင့် သုံးမျိုးကွဲလွဲသည်။ အုတ်ချပ်အချို့၌ ရှေးပျူမြို့ဟောင်းများတွင် တွေ့ရှိရလေ့ရှိသော လက်ရာများပါရှိသည်။ အုတ်ချပ်တိုင်းတွင် စပါးခွံနှင့် ကောက်ရိုးအရာများ ပါရှိသဖြင့် ဝတီးမြို့နှင့် ဝန်းကျင်ဒေသ၌ ဆန်စပါးကို အလျှံပယ် စိုက်ပျိုးထုတ်လုပ်နေပြီဟု ခန့်မှန်းသည်။
အဆောက်အအုံ၏ ကြမ်းခင်းအတွက် သဲကျောက်ပြားများစွာ အသုံးပြုထားသည်။ အချို့ကို အဝါရောင်ခြယ်ထားသည်။ အချို့မှာ ရုပ်ပုံများပါရှိသော်လည်း မပီသတော့ပေ။ ဝတီးမြို့ဟောင်း၏ အနောက်ဘက် ၆ကီလိုမီတာခွဲ မကျီးကန်ဝန်းကျင် သဲကျောက်ကျင်း sandstone quarry များမှ သဲကျောက်ပြားများကို ရယူခဲ့ကြသည်။
သစ်သားတံခါးတိုင် စိုက်ထူရန် အုတ်ကိုဖောက်ထွင်း၍ တိုင်အောက်ခံ အုတ်ခွက်သဖွယ် ပြုလုပ်ထားသည်။ ဝင်ပေါက်ထွက်ပေါက်ကို သစ်သားတံခါးရွက်နှင့် သစ်သားတံခါးတိုင်များ အသုံးပြုခဲ့ပုံရသည်။ အဆောက်အအုံ၏ အပေါ်ပိုင်းမှာ သစ်သားအဆောက်အအုံ ဖြစ်ခဲ့ဟန်တူသည်။
အမှတ်၂ကုန်းတွင် မြေပန်းကန်ပြားငယ်များ၊ ဆလင်ဒါပုံမြေခွက်များ၊ မြေရှပ်ဒိုး အပဲ့တစ်ခု ဆေးခြယ်ထားသော အိုးခြမ်းကွဲများ၊ မီးသွေးစများ၊ တိရိစ္ဆာန်အရိုးများ၊ တံခါးရွက်သုံး သံကွင်းအပိုင်းအစများနှင့် ထုံးသရွက်များကို တွေ့ရှိခဲ့သည်။ ဝတီးတွင် ဆလင်ဒါပုံ မြေခွက်ငယ် အမြောက်အများတွေ့ရှိရသဖြင့် ဝတီးမြို့ကို ကြေးခေတ်နှောင်း သံခေတ်ဦးခေါ် ပျူခေတ်ဦးကတည်းက တည်ထောင်ပြီးဖြစ်သည်။
(ဂ) အရိုးစုရုပ်ကြွင်း TP4
----------------------
ဝတီးမြို့ဟောင်း နန်တော်ကုန်း၏ မြောက်ဘက်တွင်ဖြစ်သည်။ မြေအနက် ၆၀စင်တီမီတာခန့်တွင် လူအရိုးစုရုပ်ကြွင်း ခြောက်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ အရှေ့ဘက်သို့ ဦးခေါင်းပြုလျှက် မြှုပ်နှံသဂြို င်္ဟ် ထားသည်။ ကြေးခေတ် ယဉ်ကျေးမှုဒေသများတွင် လူသေအလောင်းများကို မြောက်ဘက်သို့ ဦးခေါင်းပြုလျှက် မြှုပ်နှံကြသည်။ ဥပမာ ညောင်ကန်ဒေသဖြစ်သည်။ သံခေတ်ဦး ယဉ်ကျေးမှုဒေသတွင် လူသေအလောင်းများကို အရှေ့ဘက်သို့ ဦးခေါင်းပြုလျှက် မြှုပ်နှံကြသည်။
အရိုးရုပ်ကြွင်း ခြောက်ခု၏ ခြေသလုံးနံဘေးတွင်လည်းကောင်း ပေါင်နှစ်ချောင်းကြားတွင်လည်းကောင်း အိုးခြမ်းကွဲများ မြေအိုးနှစ်လုံး ယောက်သွားခွံတစ်ခု မြေခွက်ငယ်တစ်လုံး ဖန်ပုတီးစေ့ အပိုင်းအစများ လိမ္မော်ရောင် ပုတီးစေ့တစ်လုံး ကျောက်ပုတီးကွင်းနှစ်ခုနှင့် သံလက်နက်တစ်ခုကို တွေ့ရှိခဲ့သည်။
ဝတီး၌ တွေ့ရှိရသော မြေထည်တို့သည် သံခေတ်ယဉ်ကျေးမှုထွန်းကားခဲ့သော အိန္ဒိယနိုင်ငံ အလယ်ပိုင်း မာလဝါ Malwa၊ တောင်ပိုင်း ကာနာကာတာ Karnakata၊ ဂင်္ဂါမြစ်ဝှမ်း အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများ၌ တွေ့ရှိရသော မြေထည်တို့နှင့် ဆင်တူသည်။ အိန္ဒိယနိုင်ငံနှင့် အဆက်အသွယ်ရှိနိုင်သည်။ ပါးလွှာသော အနီရောင် မြေအိုးများကို အများဆုံး တွေ့ရှိရသည်။
အင်္ဂလိပ်ခေတ်က ဝတီးမြို့နှင့် ၅ကီလိုမီတာခွဲတွင် ပျူဒင်္ဂါး၈၀ခန့်ပါသော အိုးကိုရဖူးသည်။ ဒင်္ဂါး၏ အချင်းမှာ ၃၀မီလီမီတာရှိသည်။ ဒင်္ဂါး၏ မျက်နှာပြင်တွင် သီရိဝစ္ဆပုံရှိသည်။ ထိပ်တွင် နေနှင့်လ၊ ဝဲဘက်တွင် သွတ္တိက စင်္ကြာနှင် ယာဘက်တွင် ဘဒ္ဒပီဋ္ဌအသေးနှင့် အစက်လေးသုံးစက်ရှိသည်။ ရောင်ခြည် ၁၂သွယ်ရှိပြီး ကြားတွင် အစက်တစ်ခုစီရှိသည်။ အနားပတ်လည်၌ အစက် ၂၇စက်ရှိသည်။ ထိုဒင်္ဂါးများအနက် အချို့ကို တွေ့ရှိသူ ဦးကောင်းဘက နွားထိုးကြီးမြို့ ရွှေကျောင်းတိုက် ဆရာတော်ထံတွင် လှူဒါန်းထားသည်။ ပင်လယ် ဟန်လင်းနှင့် သရေခေတ္တရာ ဒင်္ဂါးတို့နှင့် တူညီသည်။ ထို့ကြောင့် ဝတီးသည် ထိုမြို့များနှင့် ကူးသန်းရောင်းဝယ်မှု ပြုခဲ့ပုံရသည်။
၂။ ဘုရားကြီးကျေးရွာ
------------------
ဖက်တောကန်၏ အနောက်တောင်ဖက်တွင် ဘုရားကြီးကျေးရွာ တည်ရှိသည်။
(က) ရွှေမုဋ္ဌောဘုရား
------------------
ရွာအဝင်တွင် ရွှေမုဋ္ဌောဘုရားရှိသည်။ အသောကမင်း ၃၀၀ဘီစီခန့်က တည်ခဲ့သည်ဟု ဆိုသည်။ ခေါင်းလောင်းပုံ မြေစိုက် စေတီတစ်ဆူဖြစ်သည်။ ဘုရား၏ အရှေ့ဘက် ကျောက်စာတိုက်ထဲတွင် ရှေးဟောင်းမြန်မာ ကျောက်စာရှစ်ချပ်ရှိသည်။
(ခ) ချင်းပုတီးခေါ် ရှေးဟောင်း ပျူမြန်မာ ပုတီးလုပ်ငန်း
-------------------------------------
ရှေး ပျူမြန်မာ မြို့ဟောင်းများတွင် အများအားဖြင့် အင်ကြင်းကျောက်ဖြင့် ပြုလုပ်သော အဖြူအနက်ကြား ပုတီးစေ့များကို တွေ့ရလေ့ရှိသည်။ ပျူလူမျိုးတို့က အမြတ်တနိုး ဝတ်ဆင်ခဲ့ကြသဖြင့် ပျူပုတီးဟုအမည်တွင်သည်။ ယနေ့ခေတ်တွင် ပျူပုတီး ဝတ်ဆင်သည့်ဓလေ့ကို ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် တကောင်း ဟန်လင်း ဗိဿနိုး သရေတ္တေရာ ပုဂံ စသည့်ဒေသများတွင် မတွေ့ရတော့ပေ။ သို့သော် ချင်းပြည်နယ်တွင် နေထိုင်ကြသော ချင်းတိုင်းရင်းသားများက ပျူပုတီးဝတ်ဆင်သည့် ဓလေ့ကို ယနေ့တိုင်အောင်ထိန်းသိမ်းထားသည်။ ချင်းပုတီးဟုပင် ခေါ်တွင်နေကြသည်။ အဘယ်ကြောင့် ချင်းလူမျိုးတို့ အစဉ်အလာကြာရှည်စွာ ဝတ်ဆင်ကြပါသနည်း။
အရှင်သြဘာသာဘိဝံသ၏ သုတေသနသရုပ်ပြ အဘိဓာန်တွင်
၁။ အေလိုပျူ= ယင်းတို့မြို့တော်မှာ တကောင်း၊ ငဆောင်ချမ်း
၂။ ဟန်လင်းပျူ= ဟန်လင်းမြို့တော်
၃။ ကချင်ပျူ= ငမန္တာ၊ မိုးကောင်းမြို့တော်
၎။ ချင်းပျူ= ဖလမ်း၊ တီးတိန်မြို့တော်
၅။ အစီရီပျူ= ဓညဝတီမြို့တော်
၆။ မြန်မာပျူ= တောင်တွင်း၊ ကျောက်ပန်းတောင်း၊ ယုန်လွှတ်၊ သီရိပစ္စယာ၊ ပုဂံ၊ တမ္ပဝတီမြိုတော်များ
၇။ ကံဖိုးစပျူ= မိုဃ်းနဲမြို့တော်
၈။ ကိုင်းရယ်ပျူ= ကိုင်းရယ် ကိုင်းတုန်းမြို့တော်
၉။ ကလောက်ဂေးပျူ= ကလောက်ဂေး၊ သထုံမြို့တော်များ
၁၀။ တိမ်မယ်ပျူ= တိမ်မယ်၊ ပဲခူးမြို့တော်များ(ပကောတိံ၊ ကဝတိံ၊ ပါဒတိံ)
၁၁။ မော်ဇာပျူ= မော်ဇာမြို့တော်
၁၂။ တနင်္သာရီပျူ= ထားဝယ်မြို့တော်ပျူ ဟူ၍
ပျူ ၁၂ပြည်ထောင်နှင့် ပျူမြို့တော်များကို ဖော်ပြထားသည်။
ထို့ကြောင့်ချင်းသည် ပျူအနွယ်ဝင်ဖြစ်သည်။ ပျူပုတီး ဝတ်ဆင်မှုဓလေ့ကို ယနေ့တိုင်ထိန်းသိမ်းထားသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။
တရုတ်မှတ်တမ်းများအရ ခရစ်နှစ် ၉-၁၀ရာစုအထိ ဝတီးမြို့ တည်ရှိခဲ့ကြောင်း တွေ့ရှိရသည်။ ပုဂံမင်းနေပြည်တော်တွင် ၁၄ဆက်မြောက် စုက္ကတေးမင်း(992-1017) နန်တက်စအချိန်ထိ ဝတီးမြို့ တည်ရှိနေဆဲဖြစ်မည်။ ဝတီးမြို့ဟောင်း ကွယ်ပျောက်ခဲ့သည်နှင့်အမျှ ရှေးဟောင်ပျူမြန်မာ့ရိုးရာ လက်မှုအနုပညာတစ်ရပ်ဖြစ်သော ပျူပုတီးလုပ်ငန်းလည်း ကွယ်ပျောက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ခန့် ရှိကောင်းရှိမည်။
၁၉၀၄ ခုနှစ်တွင် ဘုရားကြီးရွာအနီး၌ ရှေးဟောင်း ပုတီးစေ့များကို တူးဖော်တွေ့ခဲ့သည့် ရွာသားများကို အင်္ဂလိပ်အစိုးရက အင်္ဂလိပ်ငွေ ၇၇ကျပ် ချီးမြှင့်ခဲ့ဖူးသည်။ ဒုတိယကမ္ဘာ္ဘစစ် မဖြစ်မီက ဝတီးမြို့ဟောင်း၏ အနောက်မြောက်ဘက် မြေနီကျင်းဟုခေါ်သည့် ကုန်းနေရာတွင် ဘုရားကြီး၊ သဲတောနှင့် ကန်ရွာ စသည်တို့မှ လူအမြောက်အများသည် ရှေးဟောင်းပုတီးစေ့များကို စီးပွားဖြစ် တူဖော်ရောင်းချခဲ့ကြသည်။ ဤရှေးဟောင်း ပုတီးများကို တောင်ပေါ်ဒေသမှ ချင်းအမျိုးသား၊ ချင်းအမျိုးသမီးများက အလွန်ကြိုက်နှစ်သက်သည်။ ချင်းလူမျိုးတို့ အကြိုက်နှစ်သက်ဆုံး ရှေးဟောင်းပုတီးအမျိုးအစားမှာ အနက်ခံတွင် အဖြူရောင် အရေးအစင်းဒီဇိုင်းများ ဖော်ထားသည့် ပုတီးများဖြစ်သည်။ နှစ်စဉ် လာရောက် ဝယ်ယူလေ့ရှိသည်။ ထို့ကြောင့် ဤရှေးဟောင်း ပုတီးများကို ချင်းပုတီးဟုလည်း ခေါ်ကြသည်။
တချိန်က ဝတီးသည် ပုတီးအလုပ်ရုံဒေသ ဖြစ်ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော်- (၁) ပုတီးပြုလုပ်သော အခြေခံ ကုန်ကြမ်းပစ္စည်းဖြစ်သည့် အင်ကြင်းကျောက်ဖြူများကို ဝတီးဒေသ၌ ပေါများစွာတွေ့ရှိရသည်။ (၂) ရာစုနှစ်ပေါင်းမျာစွာ ပျောက်ကွယ်သွားခဲ့သော လက်ဖြင့်ပုတီးသွေးခြင်းနှင့် အင်ကြင်းကျောက်ကို ဆေးစွဲအောင် ရိုးရာနည်းဖြင့် ဆေးခြယ်ခြင်းကို ဝတီးမြို့ဟောင်းအနီးရှိ ဘုရားကြီးကျေးရွာသူ၊ ကျေးရွာသားများက ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ (၃) ယခုအခါ ဘုရားကြီးရွာရှိ မိသားစု ၄၀ခန့်သည် အဖြူ-အနက်စင်း ချင်းပုတီးနှင့် ဝါညိုရောင် အင်ကြင်းကျောက်ပုတီး ထုတ်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျှက်ရှိသည်။
ဝတီးဒေသထွက် အရည်အသွေကောင်းသော အင်ကြင်းကျောက်ကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ ပြည်ပပို့ကုန်အဖြစ်ရောင်းသည်။ အရည်အသွေးသင့်တင့်သော အင်ကြင်းကျောက်အဖြူကို ပုတီးလုပ်ငန်းတွင် အသုံးပြုသည်။ ရှေးဦးစွာ အင်ကြင်းကျောက်ကို အမျိုးသားများက ဖြတ်စက်ဖြင့် လွှာလိုက်သည်။ ထိုကျောက်လွှာချပ်ကို ကုဗတုံးပုံ၊ စတုရန်းပုံနှင့် ထောင့်မှန်စတုဂံ ထုရှည်ပုံ စသည့် ကျောက်တုံးငယ်လေးများအဖြစ် ဖြတ်တောက်သည်။ ထို့နောက် ကျောက်တုံးငယ် တစ်ခုစီ၏ ထိပ်ပိုင်းတွင် တပ်ဆင်ကာ အမျိုးသမီးများက ကုဗတုံးပုံကို ပုတီးလုံးပုံအဖြစ်သို့လည်းကောင်း၊ စတုရန်းပုံကို ထောင့်နှင့် အနားစောင်းများအား ချောမွေ့စေခြင်းအဖြစ်သို့လည်းကောင်း၊ ထောင့်မှန်စတုဂံပုံ ထုရှည်ကို ဗုံရှည်ပုံအဖြစ်သို့လည်းကောင်း စက်မှက်ပြင်ဖြင့်သွေးသည်။ ထိုလက်သွေး ပုတီးကုံးလေးများကို ပိုမိုလုံးဝန်းစေရန် ပုတီးလုံးစက်ထဲသို့ ထည့်သွင်းရသည်။ ပြီးလျှင် အလုံးပုံ၊ စတုရန်းပုံနှင့် ဗုံရှည်ပုံ ပုတီးစေ့များကို တစ်ခုချင်း စက်ဖြင့် အပေါက်ဖောက်သည်။ အရည်အသွေးကောင်းသော ဝါညိုရောင် အင်ကြင်းပုတီးစေ့များဆိုလျှင် ဤအဆင့်တွင် ပုတီးကုံးအဖြစ် ကြိုးဖြင့်သီနိုင်ပေမည်။
အဖြူရောင် အင်ကြင်းကျောက် အလုံးပုံ၊ စတုရန်းပုံနှင့် ဗုံရှည်ပုံ ပုတီးစေ့များကို ခြောက်သွေ့စေရန်နေလှမ်းရသည်။ ပုတီးစေ့ကို ဆီမစွန်းစေရန်နှင့် လက်၌ဆီမပေစေရန် အထူးဂရုစိုက်ရသည်။ ရှေးဟောင်းပျူမြန်မာလူမျိုးတို့၏ အင်ကြင်းကြောက်အား အဖြူနှင့်အနက်ရောင် ဆွေးသွင်းခြင်းအတတ်ပညာကို မြန်မာ့ရိုးရာ အဂ္ဂိရက်ပညာမှ ပြန်လည်ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဘုရားကြီးရွာသားများက ဆိုသည်။ ပထမ အင်ကြင်းကျောက် ပုတီးစေ့ပေါ်တွင် အဖြူရောင်ခြယ်ရန် ၁။ သဲစပ်ခြင်း၊ ၂။ တမာစေး၊ ၃။ လက်ချား၊ ၄။ ထုံးနှင့် ၅။ ရေကို လက်ဖက်ရည် ပန်းကန်ထဲတွင် စပ်ရသည်။ ဆေးအရောင်မှာ ဝါညိုနုရောင်၊ သနပ်ခါးရောင်ဖြစ်သည်။ မိမိနှစ်သက်ရာ ဒီဇိုင်းကို ပုတီးစေ့ပေါ်တွင် စုတ်တံဖြင့်ဆေးခြယ်သည်။ ဒုတိယအနေဖြင့် ထိုဆေးခြယ်ပြီး ပုတီးစေ့ခြောက်သွေ့လျှင် အနက်ရောင်ခြယ်ရန် ဆေးဒန်း၊ ဒုတ္ထာ၊ ကန့်နှင့် လူနိုရည်ကို အကြမ်းပန်ကန်ထဲတွင် ရောစပ်ရသည်။ ထိုဆေးအရောင်မှာလည်း ဝါညိုနုရောင်၊ သနပ်ခါးရောင်ပင်ဖြစ်သည်။ အဖြူရောင် မခြယ်သော ကျန်ပုတီးစေ့၏ ကျန်ပုတီးစေ့၏ နေရာအနှံကို စုတ်တံဖြင့် ဆေးခြယ်သည်။ တတိယအနေဖြင့် ဆေးနှစ်မျိုးခြယ်ထားသော ပုတီးစေ့ကို သံညှပ်ဖြင့်ကိုင်ကာ မီးသွေးမီးဖိုတွင် နေရာအနှံ အပူပေးသောအခါ ဝါညိုနုရောင်၊ သနပ်ခါရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ပုတီးစေ့ကို ရေဆေးလိုက်လျှင် အဖြူရောင်အတွက် ဆေးခြယ်ထားသော နေရာတွင် အဖြူရောင်ဒီဇိုင်း ကျန်ရစ်ပြီး၊ အနက်ရောင်အတွက် ဆေးခြယ်ထားသောနေရာတွင် အနက်ရောင်စွဲကျန်ရစ်သော အင်ကြင်းကျောက် ပုတီးစေ့ကို ရရှိသည်။ အင်ကြင်းကျောက် ပုတီးစေ့ကို အဖြူနှင့်အနက် ရာသက်ပန် ဆေးစွဲအောင် ပြုလုပ်နိုင်သော ပျူမြန်မာလူမျိုးတို့၏ ရှေးဟောင်း အဂ္ဂိရက်ပညာမှာ အံ့မခန်းဖွယ်ရာဖြစ်သည်။ ဤ အဖြူ အနက်စင်း အလုံးပုံ။ စတုရန်းပုံ၊ ဗုံရှည်ပုံ ပုတီးစေ့များကို ကြိုးဖြင့် သီကုံးလိုက်သောအခါ အလွန်လှပသော ရှေးအခေါ် ပျူမြန်မာပုတီးကို ရရှိသည်။
စိတ်ဝင်စားဖွယ် ကောင်းသည်မှာ အနက်ရောင်ဆေးဖော်စပ်ရာတွင် လူနို့ရည်ကိုသာ အသုံးပြုကြောင်းနှင့် အခြားတိရိစ္ဆာန်နို့ရည် အစားထိုး၍ မရကြောင်း မှတ်သားရပါသည်။ ထို့ကြောင့် ပုတီးလုပ်ငန်းရှင်များအနေနှင့် ကလေးမိခင်တစ်ဦးထံမှ ပိုလျှံသောနိုရည်ကို မေတ္တာရပ်ခံကာ စုဆောင်းခိုင်းရပါသည်။ ထိုကလေးအတွက် အဝတ်အစား သို့မဟုတ် မုန့်ဖိုးပေးရသည်။ လူနိုရည်ကို ပုလင်းတွင် ထည့်သွင်းသိမ်းထားလေ့ရှိသည်။ မည်မျှအချိန်ကြာမြင့်စေကာမူ လူနိုရည်မှာ အနက်ရောင် ဆေးဖော်စပ်ရာတွင် အာနိသင်ရှိကြောင်း သိရသည်။
ပြန်လည်တစ်ခေတ်ဆန်းသစ်လာသည့် ပျူမြန်မာပုတီး၊ ချင်းပုတီးလုပ်ငန်းကို ဘုရားကြီးရွာတွင် လေ့လာနိုင်သည်။ ဤပုတီးလုပ်ငန်းမျိုးကို ယခုအခါ မြန်မာနိုင်ငံတွင် ဤရွာတွင်သာ တွေ့မြင်နိုင်သည်။ ရွာ၏ ကျေးလတ်ဆေးခန်းတွင် ဝတီးမြို့ဟောင်း တူးဖော်ရာမှ တွေ့ရှိထားသော မြေထည်နှင့် လက်စင်းရာပါ အုတ်ခဲများကို ယာယီ သိမ်းဆည်းထားသည်။ နောင်တွင် တူးဖော်မှုကုန်းပြတိုက် (Site Museum) တည်ဆောက် ခင်းကျင်းပြသမည်ဟု မျှော်လင့်ရပေသည်။
၃။ နွားထိုးကြီး မင်းစုံတောင် ဘေးမဲ့တော ကြယ်လိပ်မွေးမြူရေး
-------------------------------
ပြင်စည်အနီးတွင် မင်းစုံတောင်ဘေးမဲ့တော၊ ရှောက်တောရိုး ကြယ်လိပ်မွေးမြူရေးစခန်း တည်ရှိသည်။ ကမ္ဘာ့ရှားပါးသတ္တဝါများ ဖြစ်ကြသော ကြယ်လိပ်များကို ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ထားသည်။ ကြယ်လိပ်သည် ကုန်းနေလိပ် အမျိုးအစားဖြစ်သည်။ ရေတွင် အနည်းငယ်သာနေသည်။ အမသည် ခန္ဓာကိုယ် ကြီးထွားလေ့ရှိပြီး အထီးမှာ ခန္ဓာကိုယ် သေးငယ်သည်။ အသက်ရှစ်နှစ် ကိုးနှစ်အရွယ်တွင် စတင် မိတ်လိုက်သည်။ မြေတွင် ကျင်းတူးပြီး လိပ်မသည် ၁၄- ၁၅လုံးခန့် ဥကာ ကျင်းကို မြေဖြင့်ပြန်ဖုံးအုပ်သည်။ ဥမှ ကြယ်လိပ်ငယ်လေးများ ပေါက်ရန် ခုနှစ်လ ကြာမြင့်သည်။ လိပ်ငယ်များသည် ကိုယ်တိုင် ကျင်းထဲမှ တူးဖော်ထွက်လာသည်။ ကိုယ်တိုင် အစရှာဖွေ စားသောက်နိုင်သည်။ ကြယ်လိပ် အမများသည် တစ်နှစ်လျှင် လေးကြိမ်ခန် ဥကြသည်။ စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိ ဥသည်။ လိပ်ငယ်များသည် အပူဒဏ်ခံနိုင်သော်လည်း အအေးဒဏ်ကို မခံနိုင်ကြပါ။ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်ကို လိပ်စာအဖြစ် တစ်နေ့လျှင် နှစ်ကြိမ်ကျွေးမွေးသည်။ ကြယ်လိပ်များကို ခြောက်လသားအရွယ်၊ တစ်နှစ်သားအရွယ်၊ တစ်နှစ်ခွဲသားအရွယ်ဟု၍ မွေးမြူရေးခြံ သုံးခြံ ခွဲခြားထားသည်။ ကြယ်လိပ် အကောင်ကြီးများ၏ လိပ်ကျောခွံ Carapace မှာ ၃၀ စင်တီမီတာခန့်တွင် ကြီးထွားမှု ရပ်တန့်သည်။ အကောင်ကြီးမျညး၏ လိပ်ကျောခွံတွင် အသံလွှင့်စက် (transmitter)များ တပ်ဆင်ပေးထားသည်။ ယခု ကြယ်လိပ် အကောင်ရေ စုစုပေါင်း ၈၅၂ကောင်ရှိသည်။
မင်းစုံတောင် ဘေးမဲ့တောသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ခြောက်သွေ့တော the dry forest ဖြစ်သည်။ ကြယ်လိပ် ၃၀၀ ခန့်ကို ဘေးမဲ့တောထဲသို့ သဘာဝအတိုင်း လွှတ်ထားပြီးဖြစ်သည်။ ကြယ်လိပ်များ၏အဓိကရန်သူမှာ တောထဲရှိ ခွေးအများနှင့် အိမ်မွေးခွေးများဖြစ်သည်။ ဒေသအတွင်းရှိ စာသင်ကျောင်းများတွင် ကမ္ဘာ့ရှားပါး ကြယ်လိပ်များအကြောင်း ပညာပေးဟောပြောပွဲများ မကြာခဏ ကျင်းပသည်။ ပုဂံ လောကအာနန္ဒာ ဘေးမဲ့တောနှင့် မန္တလေး ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်တို့တွင်လည်း ကြယ်လိပ်များကို မွေးမြူ စောင့်ရှောက်ထားသည်။
ဤမင်းစုံတောင် ဘေးမဲ့တော၊ ရှောက်တောရိုး ကြယ်လိပ်မွေးမြူရေးစခန်းသို့ ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်ကြည့်ရှုနိုင်သည်။
နိဂုံးချုပ်ရလျှင် ဝတီးမြို့ဟောင်း၊ ဘုရားကြီးရွာ၊ မင်းစုံတောင် ဘေးမဲ့တော ခရီးစဉ်သည် ပြည်တွင်းြုပည်ပခရီးသည်များအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော တနေ့တာ အလည်အပတ်ဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော တနေ့တာ အလည်အပတ်ဖစ်သည်။ ဟိုတယ်နှင် ခရီးသွားလာရေးကို အခြေခံ၍ ဒေသခံများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျှက် ပြည်တွင်းပြည်ပ ခရီးသည်များအား မြန်မာ့အလှသည် ပသာဒစုံလင်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးအနေဖြင့် ရည်မွန်စွာ ရှင်းလင်း တင်ဆက်လိုက်ရပေသည်။
တင်ထွန်း(မန္တလေး)
26-8-2014 နှင့် 27-8-2014 ရက်စွဲပါ မန္တလေးနေ့စဉ် သတင်းစာမှ ကူးယူဖော်ပြပါသည်။
(စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါသည်)
No comments:
Post a Comment