ကိုယ်ကပေးဆပ်သူလို့
စကားလုံးလှလှ
ဝင့်ကြွားပြဖို့
လက်တွဲခဲ့တာ မဟုတ်ပါဘူး။
(အနိုင်နဲ့အရှုံး)
ကိုယ်ကအနိုင်ရသူလို့
ဟန်ပန်တစ်လုံး
စစ်တိုက်ပြဖို့
လက်တွဲခဲ့တာ မဟုတ်ပါဘူး။
(အကောင်းနဲ့အဆိုး)
ကိုယ်ကပိုကောင်းသူလို့
ပြုံးကာရွှင်ကာ
အမှတ်ယူဖို့
လက်တွဲခဲ့တာ မဟုတ်ပါဘူး။
(အပေါင်းနဲ့အနုတ်)
တွက်ချေကိုက်သူလို့
ကွန်ပျူတာဦးနှောက်နဲ့
ခလုတ်နှိပ်ကာ
အရှုံးအမြတ်ဇယားချဖို့
လက်တွဲခဲ့တာ မဟုတ်ပါဘူး။
အလိုက်သင့်လေး ဖြစ်ပေါ်လာရာ
ဘဝလမ်းပေါ် သာတောင့်သာယာ
လျှောက်လှမ်းခဲ့တာ မဟုတ်ပါဘူး။
ကိုယ်လိုချင်ရာ ကိုယ့်ကမ္ဘာကို
ခွန်နဲ့အားနဲ့ တားဆီးရာရာ
ထိုးဖောက်ပြီးမှ တန်ဖိုးတကြီး
ဖန်တီးတည်ဆောက်လာခဲ့တ:ာပါ...
လောကဓံမုန်တိုင်း ထန်နေပါစေ...
အလှည့်အပြောင်း ကြမ်းနေပါစေ...
မောင်တစ်ထမ်း၊ မယ်တစ်ရွက်
အတူဘုရားသွား၊ ကျောင်းတက်...
မေတ္တာနွယ်လို့ သစ္စာမပျက်
ဖြတ်သန်းသွားဖို့
ခိုင်ခိုင်မြဲမြဲ၊ ချစ်လက်ကိုဆွဲ၊ တွဲခဲ့တာပါ...
နှစ်လရှည်ကြာ စွဲမြဲခဲ့တဲ့
သစ္စာတန်ဖိုး ချစ်ကလေးနားလည်ပါစေ...။
No comments:
Post a Comment